(တစ်)
သမီးရေ…။
ဖေဖေမကြာမကြာဆိုသလို
သတိရနေမိတဲ့ လူတွေဖြစ်ရပ်တွေ
အများကြီးထဲမှာ အဆိုတော်ထူးအိမ်သင်
တစ်ယောက်လည်းပါတယ်ဆိုရင်
သမီးတစ်ယောက် အံ့များ
အံ့သြနေမလားပဲ။ အခုဆို
၁၄-၈-၂၀၀၄
တုန်းက ဆုံးခဲ့တဲ့အဆိုတော်ထူးအိမ်သင်
မရှိတော့တာ ၁ နှစ်ကျော်ခဲ့ပြီ။
သူ့ဂီတကိုချစ်တဲ့အကြောင်း
သူ့အနုပညာကို မြတ်နိုးတဲ့
အကြောင်း သူသူငါငါပြောနေကြ
ရေးနေကြ တာတွေကတော့
တွက်ရေလို့မဆုံးနိုင်
အောင်ပါပဲလေ။ သည်အထဲမှာ
ဖေဖေသူ့ကို သတိရနေမိပုံကကျတော့
တစ်မျိုးတစ်ဘာသာများ
ဖြစ်လေရော့သလား မပြောတတ်တော့ပါဘူး၊
သမီးရယ်။ လောကအပေါ်မှာ
စိတ်ကိုထားသိုတဲ့ဟန်ပန်
သူ့ရဲ့ဘ၀ဟန်ချက်… ဒါတွေကို
ဖေဖေက သတိရနေမိတာပါ။
(နှစ်)
အဆိုတော်ထူးအိမ်သင်ကို
ဖေဖေမရင်းနှီးလှပါဘူး။ ၁၉၈၀
အလွန် နှစ်တွေထဲမှာ ကဗျာဆရာအောင်ဝေး
မဟာဝိဇာတက်ဖို့ ရန်ကုန်တက္ကသိုလ်ထဲကို
ရောက်အလာမှာ မကြာခဏဆိုသလို
သူနေတဲ့အဆောင်ကို
ဖေဖေရောက်သွားဖြစ်တယ်။
ဂျပ်ဆင်ရိပ်သာ ဘေးက
နှစ်ထပ်အိမ်ကလေးတစ်အိမ်ရဲ့
အောက်ထပ်ကိုလေ။ မောင်သုန်ရယ်
နေမျိုးဇော်ရယ် ကိုအောင်ဝေးရယ်
ထူးအိမ်သင်ရယ်စုပြီး ရန်ကုန်ကို
ကြံ့ကြံ့ခံဖို့၊ ပြီးတော့
သိမ်းပိုက်ဖို့ရောက်နေကြတဲ့
အိမ်ကလေးပေါ့။ အဲသည့်မှာ
ထူးအိမ်သင်ကို ပထမဆုံး
ဖေဖေသိခဲ့ဖူးတာပါ။
နောက်တော့နှစ်တွေအများကြီး
အဖြစ်တွေအများကြီးထဲမှာ
သူလည်း နိုင်ငံသိအဆိုတော်တစ်ယောက်ဖြစ်သွားခဲ့၊
ဖေဖေလည်း အညာက တက္ကသိုလ်လေးတစ်ခုကို
ရောက်သွားခဲ့ပေါ့။
တစ်ခါမှာတော့
ဖေဖေရန်ကုန်ကိုရောက်တဲ့အခိုက်
လေထန်ကုန်းမှာ ကိုအောင်ဝေးနဲ့
ဆုံဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်
ထူးအိမ်သင် စတိတ်ရှိုးရှိတ့ရက်
ဖြစ်နေပြီး မလှမ်းမကမ်းမှာရှိတဲ့
နှင်းဆီလှိုင်း တေးထုတ်လုပ်ရေးဆိုင်ထဲကို
ထူးအိမ်သင် ၀င်သွားတာတွေ့လိုက်တဲ့အခါ
ကိုအောင်ဝေးက စတိတ်ရှိုးကြည့်ဖို့
သူ့ဆီက လက်မှတ်သွားတောင်းဖို့
ချက်ချင်းဆုံးဖြတ်ပြီး
ဖေဖေတို့နှစ်ယောက်သား
နှင်းဆီလှိုင်းကို ရောက်သွားဖြစ်တယ်။
ဆိုင်ထဲမှာ လမ်းကိုကျောပေးထိုင်နေတဲ့
ထူးအိမ်သင်ရှိရာကို
ကိုအောင်ဝေးသွားတယ်။ ဖေဖေက
ဆိုင်ပေါက်ဝမှာ စောင့်လို့ပေါ့။
ဟိုမှာ… ကိုသာချို ပါတယ်ကွ။
ငါတို့နှစ်ယောက်ကြည့်မှာဆိုတဲ့
ကိုအောင်ဝေးရဲ့အသံနဲ့အတူ
ထူးအိမ်သင်က ဖေဖေရှိရာ
တစ်ချက်လှည့်ကြည့်တယ်လေ။
အဲဒီနောက်မှာတော့
လက်မှတ်နှစ်စောင်နဲ့အတူ
ကိုအောင်ဝေးပြန်ထွက်လာတော့တာပါပဲ။
(သုံး)
ဖေဖေက
သမီးကိုပြောပြချင်တဲ့အကြောင်းက
စတိတ်ရှိုးညက အကြောင်းပါ။
ထူးအိမ်သင်တစ်ကိုယ်တော်ပွဲမို့
တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုနေရာက
ပွဲအလယ်လောက်မှာ
ပွဲခင်းတာဝန်ရှိသူတစ်ယောက်
အမှောင်ထဲကနေ ဖေဖေတို့ဆီရောက်လာပါတယ်။
သူက ဖေဖေတို့ရဲ့နာမည်တွေကို
လာမေးတာပါ။ ထူးအိမ်သင်က
မေးခိုင်းတာပါတဲ့။ ရှေ့ဆုံးခုံတန်း
အလယ်ကလူနှစ်ယောက်ရဲ့ နာမည်တွေကို
မေးခဲ့ဖို့ ခုံနံပါတ်နဲ့တကွ
ပွဲမစမီကတည်းက မှာထားလို့
လာမေးတာပါတဲ့။ ပြီးရင်
ထူးအိမ်သင်ကိုပြန်ပြောရမှာပါ
တဲ့။ ဖေဖေလေ အံ့သြမှုနဲ့အတူ
လေးစားခြင်းပါ ဆက်တိုက်လိုက်ပါလာခဲ့ပြီး
သူ့ရဲ့ ပါးနပ်မှု၊
ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊
စိတ်အထားအသိုဟန်ပန်တွေကို
ပါးပါးကလေး အကဲခတ်နိုင်မှုတွေကို
အသိအမှတ်ပြုရင်း စတိတ်ပေါ်ကသူ့ကို
ငေးကြည့် နေမိခဲ့တာအမှန်ပါပဲ။
(လေး)
သူ့ရဲ့ဂီတကို
မြတ်နိုးလို့ ဖေဖေက
လက်မှတ်တောင်းတယ်။ သူကလည်း
ကြည့်စေချင်လို့ လက်မှတ်ပေးတယ်။
တကယ်လာကြည့်မကြည့် သူသိချင်နေပုံဟာ
သိပ်ကိုအဆင့်အတန်းမြင့်လွန်းပါတယ်။
တကယ်လို့များ ဖေဖေတို့မသွားဖြစ်လို့
တစ်ယောက်ယောက်ကို ပေးဖြစ်မိခဲ့သော်
ဒါမှမဟုတ် ရောင်းစားမိခဲ့သော်
သြော်… ရှေ့ဆုံးတန်း
အလယ်ခုံကလူနှစ်ယောက်က
ကိုအောင်ဝေးနဲ့ ကိုသာချိုတို့နှစ်ယောက်
မဟုတ်ပါလားဆိုပြီး စတိတ်ပေါ်မှာ
သီချင်းဆိုရင်းက သူဘယ်လောက်နာကျင်ရှာမလဲ။
ငါ့ဂီတ ငါ့အနုပညာကို
တကယ်မချစ်ဘဲနဲ့ကွာဆိုပြီး
ဖေဖေတို့ကို ဘယ်လောက်
စက်ဆုပ်သွားလေမလဲ။ ရှေ့ဆုံးတန်း
အလယ်ခုံမှာ သီချင်းနားထောင်ချင်ပါတယ်ဆိုပြီး
လက်မှတ်တောင်းသွားသူနှစ်ယောက်
တကယ်ရောက်မရောက် သူ သိချင်တာ
မှန်တယ်။
စာပေလောကမှာ
ဖေဖေ့မိတ်ဆွေတစ်ယောက်ရှိတယ်
သမီးရဲ့။ ဘယ်စာရေး ဆရာရဲ့
စာအုပ်ထွက်ထွက် ဘယ်မဂဇင်းဘယ်ဂျာနယ်ထွက်ထွက်
မေတ္တာလက်ဆောင် ဆိုပြီးတောင်းလိုက်တာပဲ။
နောက်တော့ နာရီပိုင်းတောင်မဆိုင်းဘူး၊
နီးရာဆိုင်မှာ ရောင်းစားပစ်လိုက်ရော။
စာရေးဆရာတွေကိုယ်စား သူ့ကို
ဖတ်တော့ဖတ်ကြည့်လိုက်
စေချင်သေးတာပေါ့ သမီးရဲ့။
ခုတော့ ဖန်တီးသူတွေရင်ထဲ
ဘယ်လိုများ ရှိလေမလဲ။
တကယ်ဖတ်မယ့်လူကို ပေးချင်ကြမှာ
အမှန်မလွဲပဲလေ။
ဟိုး တစ်ခါ မီးရထားနဲ့
ခရီးသွားတုန်းက ဖေဖေ့ရှေ့မှာထိုင်နေတဲ့
လူငယ်တစ် ယောက် ရေသန့်ဘူးကို
မကြာမကြာမော့သောက်လို့။
ရေလည်းကုန်ရော ရေသန့်ဘူးကို
လွှင့်ပစ်လိုက်ဖို့
ရထားပြတင်းပေါက်ကနေ အပြင်ကို
ကြည့်လိုက်ပြီးကာမှ မပစ်တော့ဘဲ
ပြန်ချထားလိုက်ပုံကို
ဖေဖေစိတ်ဝင်စားပြီး
မေးကြည့်မိဖူးတယ်။ ရွာတစ်ရွာနားကို
ရောက်မှ ပစ်တော့မယ်တဲ့။
ဘာလေးညာလေး ထည့်သုံးလို့ရတာပေါ့တဲ့။
ဘာမှမဟုတ်တဲ့ ရေသန့်ဘူးခွံလေးတစ်ခု
ညအမှောင်ထဲကို လွှင့်ပစ်လိုက်ဖို့ကိစ္စမှာတောင်
သုံးမယ့်နေရာကို ရောက်သွား
အောင် ပို့ဖို့ စိတ်ကူးရတဲ့
အမြန်ရထားကြီးပေါ်က
လူငယ်တစ်ယောက်ရဲ့စိတ်ထားကို
ဖေဖေလေးစားနေမိတယ်။
တကယ်သောက်မယ့်လူကိုသာ
ရေတစ်ခွက်ခပ်ပေးမိဖို့။
တကယ်ပန်မယ့် သူကိုသာ ပန်းတစ်ပွင့်
ခူးပေးမိဖို့။ တကယ်လင်းမယ့်လူကိုသာ
မီးတစ်ပွင့်ထွန်းပေးမိဖို့
ဖေဖေတို့ ပါးနပ်သင့်ကြတယ်လေ။
ထူးအိမ်သင်ဆီက မေတ္တာလက်မှတ်တောင်းခဲ့ကြတဲ့
လူနှစ်ယောက်ကတော့
ရှေ့ဆုံးတန်းအလယ်ခုံနှစ်ခုံမှာ
သီချင်းတွေကို တစ်ညလုံး
နားထောင်ခဲ့ကြပါသော်ကော
သမီးရယ်…။
ဆရာမောင်သာချို၏
လက်အောင် (သမီးဖတ်ဖို့)
စာအုပ်မှ
ထုတ်နှုတ်တင်ပြပါသည်။
0
Posted by Unknown in
လူမှုရေးစာပေ